-->

Shimura Danzo (志村ダンゾウ)


Shimura Danzo ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ Narutoဇာတ်လမ်းတွဲထဲမှာ မိတ်ဆက်ပေးစရာမလိုလောက်အောင် ကို လူမုန်းအများဆုံး ဆု ၊ ပရိသတ်မေတ္တာအပို့ဆုံး ဆုစတာတွေကို သောင်းသောင်းဖြဖြလက်ခံရရှိထားတဲ့ ဗီလိန်ဇာတ်ကောင်ကြီးတစ်ဦးပါပဲ။ ဟုတ်လည်းဟုတ်တယ်။ ဇာတ်လမ်းထဲမှာ မကောင်းတဲ့ကိစ္စမှန်သမျှ ပြေးမကြည့်လိုက်နဲ့။ နောက်ကွယ်မှာ Danzo sama လက်ချက်က ပါပြီးသားလိုဖြစ်နေတာကိုး။ အဲ..တစ်ခုရှိတာက Danzo ဟာ ဇာတ်လမ်းထဲမှာ Konoha ရွာကြီး ကိုဖျက်ဆီးမယ့် ရန်သူတစ်ယောက်တော့မဟုတ်ပဲ Konoha ရဲ့ထိပ်တန်းခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်နေတာပါပဲ။ ကဲ ဒီရာဇဝင်လူဆိုးကြီး ရဲ့ အကြောင်း တစ်ချက်လောက် နောက်ကြောင်းပြန်လှန်ကြည့်ရအောင်။


Danzo ဟာ ငယ်ငယ်ကတည်းက အရည်အချင်းရှိသူတစ်ယောက်ပီပီ ထိုစဉ်ကSecond Hokage ဖြစ်တဲ့ Senju Tobiramaလက်ရွေးစင်ကိုယ်ရံတော်တပ်ဖွဲ့ထဲပါဝင်ဖို့ ရွေးချယ်ခံခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူနဲ့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၊ အခါးသီးဆုံးပြိုင်ဘက်လည်းဖြစ်သူကတော့ နောင်တစ်ချိန် Third Hokage ဖြစ်လာမယ့် Sarutobi Hiruzen ပေါ့လေ။ သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကတော့ Naruto နဲ့ Sasuke တို့လိုပါပဲ။ သူငယ်ချင်းသံယောဇဉ်မှာ အခဲမကျေနိုင်တဲ့ ယှဉ်ပြိုင်မှုကလည်း ဒွန်တွဲပါနေတယ်။ အထူးသဖြင့် နင်ဂျာတစ်ယောက်အနေနဲ့လည်းထူးချွန်၊ ကိုယ်ရည်ကိုယ်သွေးပိုင်းမှာလည်း ဦးဆောင်နိုင်စွမ်းရှိပြီး လူတိုင်းရဲ့နှစ်သက်အားကိုးမှုကိုလည်းရတဲ့ Hiruzen အပေါ် Danzo ရဲ့ မနာလိုမှုက ပိုပိုကြီးထွားလာနေခဲ့တယ်။ Hiruzen ရဲ့နောက်မှာအမြဲ တစ်လှမ်းနောက်ကျနေလေ့ရှိတဲ့ Danzo ဟာသူတို့ဘဝမှာအရေးကြီးဆုံးအလှည့်အပြောင်းဖြစ်ခဲ့တဲ့ အချိန်မှာလည်း Danzo တစ်ယောက် Hiruzen ဆီမှာ နောက်ကောက်ကျရပြန်ပါတယ်။ ဒါကတော့ Kumogakure(တိမ်ဖုံးရွာ) ဆီ ခရီးစဉ်မှာ ပုန်ကန်သူ Kinkakuနဲ့သူ့တပ်သားတွေက Second Hokage နဲ့အဖွဲ့ကို ချောင်ပိတ်ထောင်ချောက်ဆင်တိုက်ခိုက်ခဲ့ကြတဲ့အချိန်တုံးကပေါ့။ အဖွဲ့သားတွေလွတ်မြောက်ဖို့အချိန်ရအောင် တစ်ယောက်ယောက်က ရန်သူတွေဆီမှာ အယောင်ပြစတေးရပါတော့မယ်။ ဒီလိုအချိန်မှာ သူ့ရဲ့အစွမ်းသတ္တိကိုထုတ်ပြချင်ခဲ့ပေမယ့် Danzo တစ်ယောက် ကြောက်ရွံ့စိတ်ကို မချိုးနှိမ်နိုင်သေးခင်မှာပဲ စတေးခံဖို့လူအဖြစ် Hiruzen က မတွန့်မဆုတ်ရှေ့ထွက် တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ နောက်လိုက်လူငယ်တွေကို ကာကွယ်ပေးဖို့ Second Hokage Tobirama ကိုယ်တိုင်ကပဲ စတေးခံဖို့ ဆုံးဖြတ်လိုက်ပြီး၊ Danzo ကို ကိုယ်ရေးကိုယ်တာယှဉ်ပြိုင်မှုကိုဘေးချပြီး၊ ရဲဘော်ရဲဘက်တွေနဲ့အတူတကွပူးပေါင်းဖို့ဆုံးမခဲ့တယ်။ ပြီးတော့ Hiruzen ကို တတိယမြောက် Hokage အဖြစ်ရာထူးလွှဲအပ်ခဲ့ပါတယ်။ ဒီအချိန်ကတော့ Hiruzen အပေါ် Danzo ရဲ့ မနာလိုမုန်းတီးမှုတွေ အထွတ်အထိပ်ရောက်သွားခဲ့ချိန်ပေါ့။


Hiruzen တစ်ယောက် Hokage ဖြစ်လာတဲ့အခါ သူ့ရဲ့ငယ်သူငယ်ချင်းDanzo ကို ရွာရဲ့ ဒုတိယမြောက်ခေါင်းဆောင်နေရာကိုပေးအပ်ထားခဲ့ပါတယ်။ ရွာရဲ့ အရေးကိစ္စတွေကို Hiruzen ကစီမံချိန်မှာ စစ်ရေးစစ်ရာနဲ့ထောက်လှမ်းရေး (အထူးသဖြင့် ANBU အထူးတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးတာ၊စီမံတာ) ကို Danzo က ကိုင်တွယ်ရပါတယ်။ ဒီလိုအရေးကြီးတဲ့နေရာကို အာဏာမက်တဲ့ ၊ Hiruzen ကိုအမြဲအနိုင်ယူလိုတဲ့ ၊ Hokage ထိုင်ခုံကို ချိန်ရွယ်နေတဲ့ Danzo ကို ခန့်အပ်ခဲ့တာ အမှားတစ်ခုလို့တော့ပြောလို့မရပါဘူး။ စိတ်ထားကောင်းသလို တစ်ဖက်မှာလည်း ပျော့ပျောင်းလွန်းလှတဲ့ Hiruzen ရဲ့အုပ်ချုပ်စီမံပုံမှာ Danzo ရဲ့ ရွာကောင်းဖို့အတွက်မဆို ဘာမဆိုလုပ်ရမယ် ဆိုတဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်ပုံကို လိုအပ်နေခဲ့ပါတယ်။ အထူးသဖြင့် Iwagakure (ကျောက်ဖုံးရွာ) နဲ့ Konoha တို့ အဓိကတိုက်ခိုက်ခဲ့ကြတဲ့ Third great war ကြီးမှာ Hiruzen တစ်ယောက်တည်းရဲ့စီမံပုံနဲ့ဆိုရင် အနိုင်ရဖို့မလွယ်ကူနိုင်ခဲ့ပါဘူး။ ကြမ်းတမ်းတဲ့ စစ်တို့ရဲ့သဘောအတိုင်း ညစ်လုံးမျိုးစုံသုံးတတ်တဲ့ Danzo ရဲ့ဗျူဟာတွေနဲ့ သူ့ရဲ့ ANBU တပ်ဖွဲ့တွေက Konoha ရဲ့အောင်ပွဲအပေါ်အများကြီး အထောက်အကူဖြစ်စေခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Danzo ဟာ ရွာရဲ့ ကောင်းကျိုးအတွက်လား သူတစ်ယောက်တည်းကောင်းဖို့အတွက်လား ဆိုတဲ့ မသဲကွဲတော့တဲ့ လုပ်ရပ်မျိုးစုံကိုကျူးလွန်လာပါတော့တယ်။ (Hiruzen ကိုဖယ်ရှားပြီး သူအထွတ်အထိပ်ဖြစ်လာတာကမှ Konohaရွာရဲ့ ကောင်းကျိုးကို ဆောင်ယူလာနိုင်မယ်လို့ယုံကြည်နေပုံပါပဲ)။ Hokage ရဲ့ အမိန့်ကိုနာခံတဲ့ ANBU တပ်ဖွဲ့ဆီကနေ ခွဲထွက်ပြီး သူ့ကိုယ်ပိုင် Root ဆိုတဲ့ ခါးပိုက်ဆောင် ANBU တပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ဒီလိုဖွဲ့စည်းရာမှာလည်း ကလေးငယ်တွေကို ခြိမ်းခြောက် အကျပ်ကိုင် လှည့်စား နည်းလမ်းမျိုးစုံနဲ့ခေါ်ယူပြီး၊ ပြင်းထန်တဲ့နည်းစနစ်တွေနဲ့ သူ့စကားလုံးဝပြန်မလှန်တဲ့ အထူးတပ်ဖွဲ့အဖြစ်လေ့ကျင့်ပေးခဲ့သလို စစ်ပွဲအပြီးခြေလှမ်းတွေပျက်လာတဲ့ Orochimaru နဲ့ပူးပေါင်းပြီး၊ လူမဆန်တဲ့ စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပါသေးတယ်။ ဒါတင်ပဲလား ..မဟုတ်သေးပါဘူး။ Tobirama ရဲ့ တပည့်ရင်းပီပီ Uchiha မျိုးနွယ်စုအပေါ်သံသယစိတ်ကြီးတဲ့ Danzo ဟာ စနစ်ကျကျ သွေးခွဲမှုနဲ့ Uchiha တွေပုန်ကန်လာအောင် ကြံစည်ခဲ့ပါတယ်။ ပြီးတော့ စစ်ကြီးတုံးက စစ်ရာဇဝတ်မှုမျိုးစုံကျူးလွန်ခဲ့ပြီး ၊ မူရင်းAkatsuki လို ငြိမ်းချမ်းရေးအဖွဲ့ကို စစ်အာဏာရှင်နဲ့ ရန်တိုက်ပေးပြီး ပျက်စီးသေကြေအောင်အားထုတ်ခဲ့တာတွေ ပါ ထည့်ပေါင်းလိုက်တော့ သူမဟုတ်တာလုပ်တဲ့အရေအတွက်က တောင်ပုံရာပုံဖြစ်နေတာမို့...လူမုန်းများတာလည်း မဆန်းဘူးလို့ဆိုရမှာပါ။ Third Hokage ရဲ့ အသက်ကိုလုပ်ကြံမှု၊ Uchihaအစုအပြုံလိုက်သတ်ပွဲ စတဲ့အမှုကိစ္စကြီးများအပြီးမှာတော့ Danzo ရဲ့ Root အဖွဲ့ဟာလည်းတရားဝင်ဖျက်သိမ်းခံလိုက်ရပြီး၊ ရွာအုပ်ချုပ်ရေးပိုင်းမှာသူ့အာဏာဟာ အတိုင်းအတာတစ်ခုထိ လျော့ကျသွားခဲ့တယ်။

ဒီလိုနဲ့ ပြိုင်ဘက်ကြီး Hiruzen က သူရဲကောင်းတစ်ယောက်အဖြစ်Konohaအတွက် အသက်ပေးကွယ်လွန် သွားခဲ့ပြီးနောက်မှာလည်း Danzo တစ်ယောက် Hokage ရာထူးအတွက် တိုက်ပွဲဝင်နေဆဲပါပဲ။ Akatsuki အဖွဲ့ခေါင်းဆောင် Peinကိုယ်တိုင် Konoha ကို လာရောက်ဖြိုဖျက်တိုက်ခိုက်တဲ့အခါမှာ သူနဲ့သူ့လက်ရွေးစင်ANBUတွေက ပုန်းအောင်းနေခဲ့ပြီး၊ Fifth Hokage Tsunade နဲ့ သူမရဲ့နောက်လိုက်များ အင်အားနည်းပါးသွားအောင် ထိုင်စောင့်နေခဲ့ကြပါတယ်။ (ဒီကြားထဲ သူ့ယုံကြည်ချက်အတိုင်း Naruto နဲ့ Pein ကို ထိပ်တိုက်ပေးမတွေ့စေရေး ကြံဆခဲ့သေးတယ်) Peinလည်းသေဆုံး၊ Konoha ရွာကြီးလည်းစိစိညက်ညက်ကြေပြီးချိန်မှာတော့ Danzo ရဲ့အိပ်မက်များ အကောင်အထည်ပေါ်လာပါတော့တယ်။ မီးနိုင်ငံ မြေရှင်ဒိုင်မျိုတွေရဲ့ အရေးအပေါ်အစည်းအဝေးကနေပြီး၊ Danzo ကိုSixth Hokageဘွဲ့အပ်နှင်းလိုက်တာကြောင့်ပါ။ ဒါပေမယ့် ကံဆိုးစွာပဲ ဒါက သူ့ရဲ့နိဂုံးဖြစ်လာစေခဲ့ပါတယ်။ Danzo တစ်ယောက် Hokage အဖြစ် Kage ငါးယောက် ထိပ်သီးအစည်းအဝေးကိုသွားရောက်တက်တဲ့အချိန်မှာ သူရှုပ်ခဲ့သမျှဇာတ်လမ်းတွေကနေ မွေးဖွားပေးလိုက်တဲ့ အန္တရာယ်အများဆုံး သားကောင်တစ်ယောက်ဖြစ်တဲ့ Uchiha Sasuke က သူ့ကို လက်စားချေဖို့ လာရောက်တိုက်ခိုက်တာပါပဲ။ Danzo တစ်ယောက် Uchiha Shisui ဆီက လုယူခဲ့တဲ့Sharinganမျက်လုံးနဲ့ Orochimaru ရဲ့စမ်းသပ်မှုလက်ရာ အစွမ်းအမျိုးမျိုးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် Uchiha စစ်စစ် Sasuke ရဲ့လက်ဝယ်မှာတော့ ကျဆုံးခဲ့ရပါတော့တယ်။ ဒါပေမယ့်သူ့ရဲ့နောက်ဆုံးအချိန်မှာတော့ Konoha ရွာကြီးအတွက် နောက်ဆုံးပေးဆပ်မှုတစ်ခုအဖြစ် Sasuke နဲ့ Tobi ကို သူနဲ့တစ်ပါတည်း သေရွာခေါ်သွားဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ လွမ်းမယ့်သူမရှိပဲ အရှုပ်ထုပ်မျိုးစုံရဲ့လက်သည်တရားခံမင်းသားကြီးDanzo တစ်ယောက်သေဆုံးသွားခဲ့ရပါတော့တယ်။

သူ့လုပ်ခဲ့သမျှ မကောင်းမှုတွေအားလုံးကို တန်းစီစာရင်းချကြည့်ရင်တော့ ဘယ်သူမဆို Danzo ကိုလူဆိုးကြီးတစ်ယောက်လို့ပဲ သမုတ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဗီလိန်ဇာတ်ကောင်အများစုကို အကြောင်းမဲ့ဆိုးသွမ်းနေတာမျိုးမဟုတ်ပဲ ရည်ရွယ်ချက်နဲ့ အကြောင်းရင်း ကို အမြင်တစ်မျိုးနဲ့သရုပ်ဖော်ပြလေ့ရှိတဲ့ Kishimoto Masashi က Danzo ရဲ့နောက်ဆုံးအချိန်မှာလည်း သူ့ရဲ့ Konoha ရွာကြီးအပေါ်အမှန်တကယ်ချစ်စိတ်နဲ့ Hiruzen အပေါ်သူငယ်ချင်းသံယောဇဉ်ကို လှစ်ဟပြပြီး ၊ Danzo အပေါ် အမြင်တစ်မျိုးနဲ့ကြည့်လာနိုင်ကြအောင် ရေးသားသွားခဲ့ပါတယ်။ အဲ..ပြဿနာက Animation အဖြစ် ရိုက်ကူးတဲ့အခါမှာပါပဲ။ Mangaဇာတ်လမ်းနဲ့ကြားက အကွာအဝေးကိုထိန်းထားဖို့ Manga မှာမပါတဲ့အဖြည့်ခံFiller ဇာတ်ဝင်ခန်းတွေရိုက်ကူးတဲ့အခါမှာ ဘာမကောင်းတဲ့ ကိစ္စဖြစ်ဖြစ် တရားခံကို Danzo အဖြစ် လွယ်လွယ်ပဲ လွှဲချသွားတော့ Danzo မှာ သူ့ရဲ့နဂိုမကောင်းမှုတွေအပြင် အဖြည့်ခံ အမှုပေါင်းသောင်းခြောက်ထောင်ပါ ထပ်တိုးလာတာမို့ သူ့ရဲ့ နောက်ဆုံးအချိန်ဇာတ်ဝင်ခန်းတုံးက ရင်ထဲထိဖွယ် ပြကွက်တွေက အလဟဿဖြစ်ရပြီး၊ အော့ကြော့လန်ဗီလိန်ကြီးအဖြစ်ပဲအဖတ်တင်ကျန်ပါတော့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Edo tensei နဲ့အသက်ပြန်ဝင်လာတဲ့ Third Hokage Hirzuen တစ်ယောက်ကတော့ Danzo ဆိုးချင်တိုင်းဆိုးနေခဲ့တာ သူ့တာဝန်မကင်းဘူးလို့ဝန်ခံသွားခဲ့ပါတယ်။ Hiruzen ဟာ Danzo ရဲ့လုပ်ရပ်တွေအားလုံးကို မသိခဲ့တာမဟုတ်ပါဘူး။ သူဘယ်လောက်ပဲသဘောမတူပေမယ့် Dazno ရဲ့လုပ်ရပ်တစ်ချို့ဟာ Konoha ရဲ့အကျိုးစီးပွားအတွက် မလုပ်မဖြစ်ဆိုတာ သိနေခဲ့လို့ တစ်ချို့ကိစ္စတွေကိုမျက်ကွယ်ပြုထားခဲ့တာဖြစ်ပါတယ်။ ရွာအုပ်ချုပ်ရေးဟာ စိတ်ကူးယဉ်ဆန်ဆန် လူကောင်းကြီးအမြဲလုပ်နေလို့မရတာမို့Second Hokage လို ကြမ်းစရာရှိရင်ကြမ်းဖို့ စိတ်ဓာတ်မရှိခဲ့တဲ့ Hiruzen ဟာ Konoha ရဲ့အမှောင်ဘက်ခြမ်းက ကိစ္စမှန်သမျှကို Danzo ဆီ ကျောခိုင်းလွှဲအပ်ထားခဲ့လို့ ဒီလိုတွေဖြစ်လာရတာ လို့ ဝန်ခံသွားခဲ့ပါတယ်။ Danzo ရဲ့ နောက်ဆုံးအချိန်မှာ ပြောကြားသွားခဲ့တဲ့ စကားကတော့..
" Hiruzen ရေ.ကြည့်ရတာ.ဒီတစ်ခါကတော့ ငါ့အလှည့်ပါပဲ ။ မင်း က အသက်ကိုပေးဆပ်ပြီး Konoha ကို ကာကွယ်ခဲ့သလို ဒီတစ်ကြိမ်တော့ ငါလည်း...။ ဒါပေမယ့် ငါကတော့ Hokage တစ်ယောက်ဘယ်တော့မှဖြစ်မလာနိုင်ခဲ့သလို ဘယ်လောက်ဝေးတဲ့ထိ ကြိုးစားပြေးခဲ့ပါစေ မင်းကိုလည်း လိုက်လို့မမှီနိုင်ခဲ့ဘူး။ မင်းဟာ နေရောင်ဆမ်းတဲ့သစ်ရွက် ဆိုရင် ငါကတော့ အမြဲ အမှောင်ထဲက အမြစ် သာ ဖြစ်နေခဲ့မှာပါ။ မင်းကော ငါ့ကို ဘယ်လိုမြင်ခဲ့လဲ
Hirzuenရေ   ... ငါဟာ မင်းအတွက် ဘာများလဲ. "... တဲ့။


 သွေးစွန်းတဲ့လက်အစုံနဲ့ ယုတ်ကန်းခဲ့တဲ့ Danzo ဟာလည်း မူလက Konoha အပေါ်ကာကွယ်ချင်စိတ်၊ သူ သူငယ်ချင်းHiruzenနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်လိုစိတ်နဲ့ စတင်ခဲ့သူတစ်ဦးပါ။

Konohaရွာဆိုတဲ့သစ်ပင်ကြီး နေရောင်အောက်မှာ သစ်ရွက်စည်စည်ဝေဝေ နဲ့ရှင်သန်ရပ်တည်နေနိုင်ဖို့အတွက် အောက်ဘက်ကနေ မြေကြီးထဲတိုးဝင်ပြီး အသက်ဆက်ပေးနေခဲ့တာက အမှောင်ထဲက အမြစ်တွေပဲမဟုတ်ပါလား။

-Itachi

No comments:

Post a Comment